တစ်ထောင့်ကိုးရာ ကိုးဆယ့်ငါး
ပင်လယ်လေတွေက တ၀ုန်းဝုန်း တိုက်ခတ်နေသည်။ ဆံပင်တွေက အထိန်းအကွပ်မဲ့စွာ။ ကြယ်သီးတပ်မထားသော အနွေးထည်အင်္ကျီကို ရင်ဖုံးအကျီ င်္လို ဆွဲစေ့ကာ လက်တစ်ဘက်ကို ဂျိုင်းကြားထဲ ထည့်ထားလိုက်သည်။ ဖုန်းကိုင်ထားသော ကျန်လက်တစ်ဖက်ကတော့ နားနားမှာ။ ပင်လယ်လှိုင်းတွေက မာန်ဟုန်ကြီးစွာ တဝေါဝေါ ကမ်းကိုရိုက်ခတ်နေသည်။ မိုးကောင်းကင်ကတော့ မဲမဲမှောင်လာနေပြီ။ ပင်လယ်ဇင်ယော်ကြီးတွေက တုပ်တုပ်ရွှဲမှာစိုးရွံ့သည့်အလား ကမ်းစပ်က သစ်တုံးပြတ်တွေအောက်မှာ ပုံးခိုရန်နေရာရှာနေကြသည်။ လေပြင်းထဲမှာ ပျံသန်းနေသော ငှက်အချို့တို့ ဦးတည်ရာမရ လေဟုန်နှင့် မျောသွားကြသည်။ တဆတ်ဆတ်တုန်ခါလာသော ဒူးများကို ငုံ့ကြည့်လိုက်တော့ ဆံပင်တွေက မျက်နှာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။
"ရှင်.. ဟလို… ဘာမှ မကြားရဘူး.."
"မ… မ .. ဟလို… မောင်တို့… တစ်ကယ်ကို မဖြစ်နိုင်ဘူးလား"
"ဘယ်လို ဖြစ်နိုင်မှာလဲကွယ်"
"မောင် လေယာဉ်ပေါ်တက်တော့မယ်နော်…"
"ဟုတ်… ကောင်းသောခရီးဖြစ်ပါစေ"
"ဟင့်အင်း.. ဘယ်လိုမှ မကောင်းနိုင်ဘူး၊ မ.. ရက်စက်လွန်းပါတယ်"
"ဘယ်တုန်းကမှ ဖြစ်နိုင်တယ် မပြောခဲ့ရပါလားကွယ်"
"လေယာဉ်ကွင်းလာတဲ့ လမ်းတစ်လျောက်လုံး တွေ့သမျှ ဘုရားကျောင်းမှာ၊ သုံးလေးကျောင်းလောက် ရှိမယ်ထင်တယ်၊ သစ္စာဆိုခဲ့တယ်"
"……….."
"ချစ်သော.. မ နဲ့ အတူတူမနေရရင် ဒီခရီးဟာ နောက်ဆုံးဖြစ်ပါစေ…….. လို့"
"ဟာ.. ခက်တာပဲ။ မဟုတ်တာတွေ မဆိုနဲ့လေ၊ နောက်ပြီး ဘုရားဆိုတာကို မယုံဘူးဆို"
"ဟုတ်တယ်လေ.. မ က မောင့် ဘုရားပဲဟာကို"
"အော်.. အင်းအင်း.. အဟင်းဟင်း၊ ငရဲတွေကြီးကုန်ပါ့မယ်ကွယ်"
"တော်ပြီ မ… မဟာ တော်တော်လေးကို သွေးအေးလွန်းပါတယ်။ မောင်… သွားပြီ။ ဘာပဲဖြစ်ဖြစ် သိပ်ချစ်တယ်"
ဖုန်းကျသွားသည်။ မေးတွေ ခိုက်ခိုက်တုန်လာသည်။ ကားဆီသို့ လေးတွဲ့စွာလျောက်လာသည်။ ကားထဲမှာ မိနစ်ပေါင်းများစွာ ထိုင်နေမိသည်။ ပင်လယ်လေပြင်းတွေအောက်မှာ ထင်းရူးပင်တွေကတော့ ဆောက်တည်ရာမဲ့စွာ။
သက္ကရာဇ် နှစ်ထောင့်ငါး
မရောက်ဖူးသော အရပ်ဒေသတစ်ခုက စိတ်ကို လန်းဆန်းစေသင့်သလောက် မလန်းဆန်းစေနိုင်ပြီ။ ခြောက်ခြောက်ကပ်ကပ် ချုံပုတ်ပင်ပုများ၊ ရှားစောင်းပင်များက မျက်စိ အမြင်ဆန်းစေသည်။ ပူစပ်သော နေရောင်ခြည်က သည်တောမြို့လေး၏ အမိုးပြန့်ပြန့်အိမ်များပေါ်သို့ ထိုးကျနေသည်။ နေရာလေး တစ်နေရာမှ လေယာဉ်ကွင်းဆီသို့ ငှားလာသော ကားကို ကိုယ်တိုင်မောင်းရင်း ညနေခင်း လေညှင်းခံထွက်လာသည်။ ညနေခင်းဆိုသည့်တိုင် အပူချိန်က မြင့်နေသေးသည်။ ပတ်ဝန်းကျင်ကိုတော့ သူမ မျက်စိက တောက်လျောက် သတိထားကြည့်နေမိသည်။ ခုထိတော့ သူမ ရှာနေသော အရာများကို မတွေ့သေး။
လမ်းဘေးက အအေးဆိုင်လေး တစ်ဆိုင်ရှေ့မှာ ကားကိုထိုးရပ်လိုက်သည်။ ကားအရှိန်ကြောင့် ဖုန်တွေက တစ်ထောင်းထောင်း ထသွားသည်။ ဆိုင်ထဲဝင် အအေးတစ်ခွက်ဝယ်အပြီး ဆိုင်ပြင်ခုံတန်းလေးမှာ ထိုင်နေမိသည်။ ဘေးခုံမှာ တစ်ယောက်တည်း ထိုင်ပြီး အအေးခွက်ကို စိမ်ပြေနပြေသောက်နေသော အဘိုးကြီးတစ်ဦးကို သူမ ပြုံးပြလိုက်သည်။
"ဦးလေး.. ဒီလိပ်စာကနေ လေယာဉ်ကွင်းကိုသွားတဲ့လမ်း ဘယ်နှစ်လမ်းရှိလဲဟင်"
လက်ထဲက လိပ်စာ စာရွက်ကို သူမပြတော့ အဘိုးကြီးက ယူကြည့်သည်။
"ဒီမြို့လေးမှာ မိန်းလမ်းမက ဒီတစ်လမ်းထဲကွယ့်"
"သြော်…"
"ဟိုဘက်ခြမ်းမှာတော့ တစ်လမ်းရှိပေမယ့် ဒီလမ်းပဲ လူသုံးတာများတယ်၊ ဘာဖြစ်လို့လဲ"
"ဒီလမ်းပေါ်မှာ ဘုရားကျောင်းတွေ သုံးလေးကျောင်းရှိလားလို့"
"ဘုရားကျောင်းတွေက ဒီဘက်မှာ ဘယ်ရှိမလဲကွဲ့၊ အဘဒီမှာနေလာတာ မွေးကတည်းက ဒီလမ်းပေါ်မှာ ဘာ ဘုရားကျောင်းမှ မရှိဘူး"
"ခုန အဘပြောတဲ့ လေယာဉ်ကွင်းသွားတဲ့ နောက်တစ်လမ်းဆိုတဲ့ ဟိုဘက်ခြမ်းလမ်းကော"
"ပိုဆိုးတယ်၊ ဘာဘုရားကျောင်းမှ ဘယ်တုန်းကမှ မရှိဘူး။ ဒီမြို့လေးမှာ ဘုရားကျောင်းဆိုတာ ဟိုး တောင်ပေါ်မှာ တစ်ကျောင်းထဲပဲရှိတာ ကလေးမ ရဲ့"
"သြော်………"
သူမ နေကာမျက်မှန်ကို ဆံပင်တွေပေါ်မှ ဆွဲချလိုက်ပြီး မျက်လုံးတွေပေါ်သို့ ဖုံးအုပ်ပေးလိုက်သည်။ ပြုံးယောင်သမ်းနေသော နှုတ်ခမ်းကို လိမ္မော်ရည် ချိုမြမြက မွတ်သိပ်စွာ နှုတ်ဆက်လိုက်လေသည်။
ဆက်လက်ဖတ်ရှုပါခင်ဗျာ....
ပြန်သိမ်းပေးခဲ့ပါခင်ဗျာ.....